မင်းဘူး ဇူလိုင် ၃
မင်းဘူးမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ မင်းဘူးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ယခုအချိန်ကာလ မြန်မာနိုင်ငံအနေဖြင့် မိုးဦးကာလ မုန်တိုင်းရာသီဖြစ်ပြီး မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့်ဘေးအန္တရာယ်များကို အထူးသတိထားရမည့် အချိန်ကာလဖြစ်ပြီး အချိန်မရွေးဖြစ်ပွားနိုင်သည့် ငလျင်ဘေးအန္တရာယ်နှင့် ၎င်းနှင့်ဆက်စပ်ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များ အတွက်လည်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် လိုအပ်သည်နှင့်အညီ ပြည်သူလူထုကိုယ်တိုင် ပါဝင်သည့် ဇာတ်တိုက်လေ့ကျင့်မှုများကိုလည်း ဆောင်ရွက်ရန် ပြောကြားခဲ့သည်။
ဆက်လက်ပြီး မင်းဘူး(စကု)မြို့နယ်အတွင်း ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများကို မင်းဘူးခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဝင်းက မင်းဘူး(စကု)မြို့နယ် ဧရာဝတီမြစ်ကမ်းနဖူးတွင်ရှိ၍ ရေကြီးနစ်မြုပ်နိုင်သော သနပ္ပင်စု၊ ငွေသောင်၊ နိဗ္ဗာန်ကျွန်း၊ ပဒေသာကျွန်းစသော ကျေးရွာများသို့ ကြိုတင်ဆောင်ရွက်ရမည့် အခြေနေများကို အသိပညာပေး၍ နှိုးဆော်လျက်ရှိပါကြောင်း၊ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသိန်းသန်းဝင်းက မင်းဘူးမြို့၏ စိုးရိမ်ရေအမှတ်သည် (၁၇၀၀) စင်တီမီတာ ဖြစ်ရာ ယခုလက်ရှိ (၁၁၀၀) ဒသမ (၅) စင်တီမီတာသာ ရောက်ရှိသည့်အတွက် လိုအပ်သည်များရှိလျှင် ကြိုတင်ပြင်ဆင်၍ ဆောင်ရွက်၍ရပါကြောင်း ပြောကြားပြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက အသီးသီးတင်ပြကြရာ ထိုတင်ပြမှုများအပေါ်ခရိုင်စီမံဥက္ကဋ္ဌက ပေါင်းစပ်ဆွေးနွေးကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)