မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မင်းဘူး ဇူလိုင်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ရိုးကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ခရိုင်သစ်တောဦးစီးဌာနမှူး ဦးစိုးမိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် တာဝန်ရှိသူများက စိုက်ပျိုးမည့်ပျိုးပင်များကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီးနောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့/မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံများနှင့် ဖိတ်ကြားထားသူ (၃၀၅)ဦးတို့က အဆိုပါ ကျောင်းဝင်းအတွင်း၌ ပျိုးပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

သစ်ပင်စိုက်ပျိုးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လာစေရန်၊ ရာသီဥတုပြောင်းလဲမှုကိုလျော့ချနိုင်စေရန်၊ ပြည်သူများ သစ်ပင်စိုက်ပျိုးလိုစိတ်ဖြစ်ပေါ်လာပြီး သစ်ပင်များကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်လာစေရန် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနက ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအဖြစ် ကျွန်း၊ ပိတောက်၊ ယင်းမာ၊ မယ်ဇယ်၊ ကုက္ကိုလ်၊ မာတာကွတ်၊ စိန်ပန်းကြီး၊ ထိုင်ဝမ်ဗန်ဒါ၊ တမာ၊ မယ်ဇယ်နှင့် ဆီသပြေ စသည့် ပျိုးပင်ပေါင်း အပင် ၃၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးမြင့်အောင်ထံမှ သိရသည်။

မောင်မောင်(မင်းဘူး)