ရေကြည် ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ သပြေကွင်းခေတ်မီစံပြကျေးရွာတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နေ့လည် ၂ နာရီအချိန်ကကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေကြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင်ဝန်ကြီးက ကျေးရွာတစ်ရွာကို စိမ်းလန်းစိုပြေအောင် ဆောင်ရွက်နိုင်ခြင်းမှ နိုင်ငံတနိုင်ငံလုံးလွှမ်းခြုံအောင်ဆောင်ရွက်နိုင်မည်ဆိုပါက သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတကျအောင်နေနိုင်မည်ဖြစ်ပြီး မလိုလားအပ်သောသဘာဝ ဘေးအန္တရာယ်များကို ကျော်လွှားနိုင်မည်ဖြစ်ကာ ရာသီဥတုဖောက်ပြန်ခြင်းကို တားဆီးတုံ့ပြန်ရာတွင် အကောင်းဆုံးနည်းလမ်းဖြစ်သည့် သစ်တောသစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းကို အလေးထားပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအမှာစကားပြောကြားသည်။
ထို့နောက် ခေတ်မီစံပြကျေးရွာစီမံကိန်းကော်မတီဥက္ကဋ္ဌနှင့် ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့အတွင်းရေးမှူးတို့အား ပျိုးပင်များပေးအပ်ခဲ့သည်။
မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတွင် ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသည့် မန်ဂျန်ရှား၊ရေတမာ၊ ခရေ၊ မဟော်ဂနီ၊ ကံကော်၊ ပျဉ်းကတိုးစသည့် ပျိုးပင်များ စုစုပေါင်း (၇၀၀) ပင်နှင့်ကော်ဖီပင်(၈၀၀)ကို တက်ရောက်လာသောအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ တပျော်တပါး စိုက်ပျိုးခဲ့ကြသည်။
ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် သပြေကွင်းစံပြကျေးရွာရှိ တောင်သူ ဦးကျော်ဆွေ ၏ကွင်း၊ဦးပိုင်အမှတ်(၄၈၁၊၃၁/၁) စိုက်ဧက (၂.၀၀)တွင် Drum Seeder စနစ်ဖြင့်မိုးစပါးစိုက်ပျိုးခြင်း လက်တွေ့ကွင်းသရုပ်ပြသခြင်းကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
မေသန့်ဇင် (ပြန်/ဆက်)