ဖျာပုံ ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ဦးဆောင်မှုဖြင့် နိုင်ငံတော်၏အားထားရသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် မျိုးဆက်သစ်လူငယ်ဘောလုံးသမားများ ဖြစ်လာစေရန်ရည်ရွယ်၍ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ် ပြည်သူ့အားကစားကွင်းကြီးတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် “မြို့နယ်အတွင်း အားကစားအဆင့်အတန်း တိုးတက်မြှင့်မားစေရန်၊ ဒေသအတွင်း အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်၊ မျိုးဆက်သစ်အားကစားသမားများ စဥ်ဆက်မပျက်ပေါ်ထွက်လာစေရန်၊ ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် စည်းကမ်းပြည့်ဝသော အားကစားသမားကောင်းတွေဖြစ်အောင် ကျင့်ကြံနေထိုင်ကြဖို့လိုကြောင်း၊ အားကစားသမားများအနေဖြင့် စိတ်ဓာတ်နဲ့ပတ်သက်၍ အထူးအရေးကြီးကြောင်း၊ တရားသောနည်းဖြင့် အနိုင်ယူလိုတဲ့ စိတ်ဓာတ်ရှိဖို့လိုကြောင်း၊ အားကစားသမားများအနေဖြင့် မိမိကိုယ်ကိုလေ့ကျင့်ပျိုးထောင်ကြဖို့နဲ့ ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်မှအားထားရသော ကိုယ်စားပြုဘောလုံးအားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း” ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုကြပြီး အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။ ထို့နောက် ဖျာပုံခရိုင်အားကစားမှူး ဒေါ်စန္ဒာဦးက မြို့နယ်ပညာရေးမှူး ဦးထွန်းလွင်ထံ အားကစားပစ္စည်းများပေးအပ်ပြီး ပြိုင်ပွဲကိုကျင်းပရာ ပွဲစဥ်(၁)အဖြစ် အထက(ချောင်းဝ)အသင်းနှင့် အထက(အမာ)အသင်း အားကစားသမားများအား ဖျာပုံခရိုင်ပညာရေးမှူး ဒေါ်အေးမြင့်နှင့် မြို့နယ်ပညာရေးမှူးတို့က ဆုံးမစကားပြောကြားပြီး ပြိုင်ပွဲကိုကျင်းပရာ ဒိုင်လူကြီးများအဖြစ် ပဲ့တင်သံလူမှုကူညီရေးအသင်းမှ မြို့နယ်လက်ရွေးစင်အားကစားသမားများမှ ဆောင်ရွက်ပေးပြီး အ.ထ.က(ချောင်းဝ) အသင်းအား၊ အ.ထ.က(အမာ)အသင်းက (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိသွားပြီး၊ ပွဲစဥ်(၂)အဖြစ် အ.ထ.က(ကြက်ဖမွှေးဇောင်း)အသင်းနှင့် အ.ထ.က(နောက်မီး)အသင်းတို့ ဆက်လက်ယှဥ်ပြိုင်ကြသည်။ အဆိုပါ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး အဆိုပါဘောလုံးပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အ.ထ.ကကျောင်းများမှ ပြိုင်ပွဲဝင်အသင်း(၁၄)သင်း ဝင်ရောက်ယှဥ်ပြိုင်ကြပြီး ဇူလိုင်လ(၂) ရက်နေ့မှ (၁၇) ရက်နေ့အထိ အုပ်စုပတ်လည်စနစ်ဖြင့် ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အောင်ဝင်းနိုင် (ဖျာပုံခရိုင် ပြန်/ဆက်)