ရေနံချောင်းမြို့နယ်၌ မြစ်ရေကြီးမှုအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် အသိပေးနှိုးဆော်ခြင်းဆောင်ရွက်

ရေနံချောင်း ဇူလိုင် ၃

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြစ်ရေဝင်ရောက်နိုင်သည့် ကျေးရွာများနှင့် ဧရာဝတီမြစ်ကမ်းနံဘေးတစ်လျှောက်တွင် နေထိုင်သည့်ပြည်သူများ မြစ်ရေကြီးမှုအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းကာ မာန်မြေကျေးရွာအုပ်စု၊ မိန်းမလှကျွန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် ကျေးရွာနေပြည်သူများအား မြစ်ရေမှုကြီးမှုအန္တရာယ်၊ ကမ်းပါးပြိုကျမှုအန္တရာယ်တို့မှကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောသည်။

ထို့ပြင် ဧရာဝတီမြစ်ကမ်းနံဘေးတစ်လျှောက် မြစ်ရေဝင်ရောက်နိုင်သည့်ကျေးရွာများနှင့် မြေနိမ့်ပိုင်းရပ်ကွက်များ၊ မြစ်၊ ချောင်းများအနီးတွင် နေထိုင်သည့်ပြည်သူများအနေဖြင့် သက်ဆိုင်ရာဌာနမှထုတ်ပြန်သည့် ရေကြီးမှုသတိပေးချက်များကို စဉ်ဆက်မပြတ်လေ့လာရန်၊ သတိပေးချက်ရရှိပါက ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများကို ချက်ချင်းဆောင်ရွက်ရန်၊ ရေကြီးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များ၊ မြစ်ရေဝင်ရောက်ပြီးနှင့် ပြည်လည်ကျဆင်းချိန်တွင် လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများသိရှိစေရန် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

စိုးသူအောင်

မြို့နယ် (ပြန်/ဆက်)