သရက် ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးက ရေကြီးရေလျှံဖြစ်ပေါ်လာပါက ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရှိရမည့် အခြေအနေ၊ ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးအပ်မှုအခြေအနေတို့ကို ဆွေးနွေးပြောကြားပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ သဘာဝဘေးမဖြစ်ပွားမီ၊ သဘာဝဘေးဖြစ်ပွားနေစဉ်၊ သဘာဝဘေးဖြစ်ပွားပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကို ကော်မတီများ၏ အတွင်းရေးမှူးများက တင်ပြဆွေးနွေးခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကော်မတီအသီးသီး၏ တင်ပြဆွေးနွေးမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ရေကြီးရေလျှံဖြစ်ပေါ်လာပါက လူနှင့်တိရစ္ဆာန်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(သရက်)