ပေါင်းတည်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ လမှ အသက် ၂ နှစ်အထိ ကလေးသူငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ပေါင်းတည် ဇူလိုင် ၃

ပေါင်းတည်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိခင်နှင့်ကလေးစောင့်ရှောက်မှုကို အရှိန်အဟုန်မြှင့် ကျယ်ပြန့်စွာဆောင်ရွက်လျက်ရှိရာ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ လမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးများကို စုရပ်အလိုက် ထိုးနှံပေးလျက်ရှိကြောင်း၊ ယနေ့နံနက်ပိုင်းက ဈေး(၁)ရပ်ကွက် ၁ လမ်းရှိ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး စုရပ်တွင် ကိုယ်ဝန်ဆောင်မိခင် ၂၁ ဦးနှင့် ကလေး ၁၂၀ ဦးတို့ကို ကာကွယ်ဆေးများ ဆက်လက်ထိုးနှံတိုက်ကျွေးပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသက် ၂ လမှ အသက် (၂) နှစ်အထိ ကလေးများအား BCG ရောဂါကာကွယ်ဆေး၊ OPV ရောဂါကာကွယ်ဆေး၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ အသည်းရောင်အသားဝါဘီရောဂါကာကွယ်ဆေး၊ ဝက်သက်ရောဂါကာကွယ်ဆေးနှင့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ဆေး စသည့် အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများကို ပုံမှန်ထိုးနှံ တိုက်ကျွေးပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ မိခင်နှင့်ကလေးများအား ပုံမှန်ဆေးထိုးနှံတိုက်ကျွေးပေးရာတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်မာလွင်နှင့် အသင်းသားများ လာရောက်ကြည့်ရှုကာ ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)