ဟင်္သာတမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပ

ဟင်္သာတ ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲတော် အခမ်းအနားကို ခရိုင်သစ်တောဦးစီးဌာနမှကြီးမှူး၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ၊ မြို့ပြသစ်တောများတည်ထောင်နိုင်ရေး၊ စိမ်းလန်းမြေများ (Green Space) များ တိုးပွားလာစေရေး၊ ရာသီဥတုများ ပုံမှန်မဟုတ်ဘဲ ဖောက်ပြန်ခြင်းမှ ကာကွယ်ရန် ၊ဂေဟစနစ်များ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီက နည်းပညာတက္ကသိုလ် (ဟင်္သာတ) ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးမှ သစ်ပင်စိုက်ပျိုးခြင်း အကျိုးကျေးဇူးများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၏ ရလဒ်ကောင်းများ၊ ဟင်္သာတခရိုင်အတွင်း သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်အတွင်း စိုက်ပျိုးခဲ့သော သစ်တောဧရိယာများ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ပြောကြားပြီးနောက် ဟင်္သာတခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းနိုင်မှ စိုက်ပျိုးမည့် ပျိုးပင်များအား တာဝန်ရှိသူများထံ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်များဦးဆောင်၍ အခမ်းအနားသို့ တက်ရောက် လာသူများမှ ပျိုးပင်များစိုက်ပျိုးမည့် သတ်မှတ်နေရာများတွင် စိုက်ပျိုးခဲ့ကြပြီး ခရိုင်ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်များမှ သစ်ပင်စိုက်ပျိုးနေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

 ယနေ့ ကျင်းပပြုလုပ်ခဲ့သော ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ကံ့ကော်၊ ခရေ၊ ရေတမာ၊ စွယ်တော်၊ စိန်တံကျူ၊ တပေဘူတ၊ စိန်ပန်း၊ ငုရွှေ၊ ပိတောက်စသည့် ရတနာတန်းဝင် အဖိုးတန်သစ်မာပင်နှင့် အရိပ်ရ လေကာပင်အမျိုးအစား(၁၂)မျိုး၊ စုစုပေါင်းပျိုးပင်ပေါင်း(၃၇၀)ပင်အား စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုး နှင့်အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ် (ဟင်္သာတ)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ ကျောင်းသား၊ ကျောင်းသူများ၊ ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်းအင်အား (၂၅၆)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ဟင်္သာတ)