မကွေး ဇူလိုင် ၃
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်သော မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူးဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီအဖွဲ့ဝင်များနှင့် အမျိုးသမီးအရေးကိုဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်က ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့ဟာ မြန်မာနိုင်ငံဒေသအသီးသီးမှာ နေထိုင်ကြသည့် မြန်မာအမျိုးသမီးများ အားလုံးအတွက် ထူးခြားလေးနက်သည့် နေတစ်နေ့ဖြစ်ပါကြောင်း၊ ဒီလိုနေ့ထူးနေ့မြတ်ဖြစ်သည့် မြန်မာအမျိုးသမီးများနေ့မှာ မကွေးတိုင်းဒေသကြီးအတွင်းမှာရှိသည့် အမျိုးသမီးများအပါအဝင် မြန်မာအမျိုးသမီးများ အားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း၊ မြန်မာအမျိုးသမီးများနေ့ ပေါ်ပေါက်လာတာကတော့ ၁၉၉၅ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့မှာကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံကနေ စတင်ခဲ့တာဖြစ်ကြောင်း၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း(CEDAW)ပါ ကတိကဝတ်များနှင့် အကြံပြုသုံးသပ်ချက်များ၊ ဘေဂျင်းလုပ်ငန်းစီမံချက်ပါ ဦးစားပေးနယ်ပယ်(၁၂)ရပ်နှင့်အညီ ရေးဆွဲထားသည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂)ကို ရေးဆွဲခဲ့ပြီး မဟာဗျူဟာစီမံကိန်းအနေနှင့် ၂၀၂၂ ခုနှစ်မှာ စီမံကိန်းကာလပြီးဆုံးခဲ့ပြီဖြစ်သည့်အတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(Phase II)ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကဦးဆောင်ပြီး ဆက်စပ်ဝန်ကြီးဌာနများနှင့် အဖွဲအစည်းများက ဝိုင်းဝန်းပူးပေါင်းရေးဆွဲလျက်ရှိပြီး မကြာမီအတည်ပြု အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ကျား၊ မ တန်းတူညီမျှမှုရှိရန်နှင့် မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများကို ပိုမိုမြှင့်တင်ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံတော်အနေနှင့် ဘက်ပေါင်းစုံက တတ်နိုင်သရွေ့ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို အမျိုးသမီးထုကြီးနှင့် အဖွဲ့အစည်းများကလည်း သက်ဆိုင်ရာ ကဏ္ဍအသီးသီးကနေ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မြန်မာအမျိုးသမီးများနေ့မှတ်တမ်းဗီဒီယိုအားပြသခဲ့ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်စာမေးပွဲ၌ တိုင်းဒေသကြီးအတွင်း သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲနှင့် ဝိဇ္ဇာဘာသာတွဲများတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသူသုံးဦး၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ထူးချွန်အမျိုးသမီးအားကစားသမားသုံးဦးနှင့် တိုင်းဒေသကြီးအတွင်း အကြိမ်ရေအများဆုံး အမျိုးသမီးသွေးလှူရှင်တစ်ဦးတို့အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအမျိုးသမီးကော်မတီဝင်များ၊ ဂုဏ်ပြုဆုငွေနှင့်ဂုဏ်ပြုလက်မှတ်ရရှိသူ ထူးချွန်အမျိုးသမီးများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး တိုင်းဒေသကြီးအတွင်း အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများအား လှည်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)