မကွေး ဇူလိုင် ၃
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီအဖွဲ့ဝင်များနှင့် အမျိုးသမီးအရေးကို ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့သည် မြန်မာနိုင်ငံဒေသအသီးသီးမှာ နေထိုင်ကြသော မြန်မာအမျိုးသမီးများအားလုံးအတွက် ထူးခြားလေးသော နေတစ်နေ့ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ နေ့ထူးနေ့မြတ်ဖြစ်သည့် မြန်မာအမျိုးသမီးများနေ့တွင် မကွေးတိုင်းဒေသကြီးအတွင်းမှာရှိသည့် အမျိုးသမီးများအပါအဝင် မြန်မာအမျိုးသမီးများအားလုံးကို လှိုက်လှိုက်လှဲလှဲဂုဏ်ပြုပါကြောင်း၊ မြန်မာအမျိုးသမီးများနေ့ ပေါ်ပေါက်လာခြင်းမှာ ၁၉၉၅ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့တွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း(CEDAW)ပါ ကတိကဝတ်များနှင့် အကြံပြုသုံးသပ်ချက်များ၊ ဘေဂျင်းလုပ်ငန်းစီမံချက်ပါ ဦးစားပေးနယ်ပယ်(၁၂)ရပ်နှင့်အညီ ရေးဆွဲထားသည့် အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)ကို ရေးဆွဲခဲ့ပြီး မဟာဗျူဟာစီမံကိန်းအနေဖြင့် ၂၀၂၂ ခုနှစ်မှာ စီမံကိန်းကာလပြီးဆုံးခဲ့ပြီဖြစ်သည့်အတွက် အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (Phase II)ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ဆက်စပ်ဝန်ကြီးဌာနများနှင့် အဖွဲအစည်းများက ဝိုင်းဝန်းပူးပေါင်းရေးဆွဲလျက်ရှိပြီး မကြာမီအတည်ပြု အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ လူဦးရေထက်ဝက်ကျော်အား ကိုယ်စားပြုသည့် အမျိုးသမီးများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အင်အားစုတစ်ရပ်အဖြစ်ပါဝင်ပြီး နိုင်ငံတော်အစိုးရအနေဖြင့်လည်း အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကျား/မ ရေးရာ တန်းတူညီမျှရေးနှင့် အမျိုးသမီးများ၏ အခွင့်အရေးများကို အသိအမှတ်ပြုနားလည်လက်ခံစေနိုင်မည့် လုပ်ငန်းစနစ်များနှင့် ဖွဲ့စည်းပုံများ၊ လုပ်ထုံးလုပ်နည်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျုဟာစီမံကိန်း (၂၀၂၁-၂၀၂၂)ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီက ကြီးမှူးကျင်းပသည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားတွင် တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာနယ်ပယ်အလိုက် ထူးချွန်အမျိုးသမီးများအား ချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ကြောင်းနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အကြား လုပ်ငန်းများ ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မြန်မာအမျိုးသမီးများနေ့မှတ်တမ်း ဗီဒီယိုကလစ်အား ပြသခဲ့ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ တိုင်းဒေသကြီးအတွင်း သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲနှင့် ဝိဇ္ဇာဘာသာတွဲများတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသူသုံးဦး၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ထူးချွန်အမျိုးသမီး အားကစားသမားသုံးဦးနှင့် တိုင်းဒေသကြီးအတွင်း အကြိမ်ရေအများဆုံး အမျိုးသမီးသွေးလှူရှင်တစ်ဦးတို့အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအမျိုးသမီးကော်မတီဝင်များ၊ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်ရရှိသူ ထူးချွန်အမျိုးသမီးများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး တိုင်းဒေသကြီးအတွင်း အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများအား လှည်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ