ကန့်ဘလူမြို့ အမှတ်(၅) အလယ်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့်စာအုပ် စာစောင်၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကန့်ဘလူ ဇူလိုင် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးဝင်းငြိမ်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် ကျောင်းသား/ကျောင်းသူများအား စာဖတ်သူနှင့်စာမဖတ်သူသည် အသွင်အပြင်တူသော်လည်း တန်ဖိုးအားဖြင့် ခြားနားသွားကြောင်း၊ စာဖတ်ခြင်းက အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ပြီး အသိအမြင်၊ အတွေးအခေါ်အယူအဆ မှန်ကန်ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာတွင် စာဖတ်ခြင်းကြောင့် ဘဝမှာအောင်မြင် တိုးတက်သွားသူများအကြောင်း သိကောင်းစရာများကို ဟောပြောပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးရန်မသင့်သည့် ကုန်ပစ္စည်းများအကြောင်း၊ ဓာတုဆိုးဆေးများအကြောင်း၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေနှင့် စားသုံးသူအခွင့်အရေးများဆိုင်ရာ အကြောင်းအရာများကို ရှိစေရန် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဥစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသ စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာသူ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)