ပေါက်ခေါင်းမြို့နယ်၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ပေါက်ခေါင်း ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ မွေးစမှ အသက် ၁ နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၈ နာရီ အချိန်မှစ၍  ပြည်သူ့ဆေးရုံ သံဃာဆောင်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများမှ မွေးစ (၂)လမှ အသက် ၁ နှစ်ခွဲအရွယ်ထိကလေးငယ် (၈၈) ဦးအား အဆုတ်တီဘီ၊ ရိုတာ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ငါးမျိုးစပ်(BCG)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး စသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးခဲ့သည်။

ပေါက်ခေါင်းမြို့နယ် ကျေးရွာအုပ်စုများအတွင်းရှိ ကလေးငယ်များကိုလည်း ကျေးလက်ကျန်းမာရေးဌာနများတွင် လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို တာဝန်ကျ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)