ပွင့်ဖြူ ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘတ်ဂျတ် ခွင်ပြုရန်ပုံငွေဖြင့် ဆည်မုန်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများက ကျေးရွာကုန်ထုတ်လမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ဆည်မုန်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ယူဆောင်ရွက်သည့် ဇေယျာစွမ်းထက်ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာများက ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆောင်ရွက်နေသည့် ကျေးလက်ကုန်ထုတ်လမ်းအား တင်ဒါစည်းကမ်းချက်များနှင့်အညီ အချိန်မီပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။
ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းမှာ အရှည်ပေ (၁)မိုင် ၊ ၂ ဒသမ ၃ ဖာလုံရှိပြီး လမ်းအကျယ် ၁၂ ပေ ၊ လမ်းအမြင့်ထု တစ်ပေ ၉ လက်မ မြေနီကျောက်စရစ်ခင်းခြင်း၊ အရှည် ၆ ပေ၊ အကျယ် ၁၈ ပေ၊ အမြင့် ၆ ပေရှိ Slab Culvert(၁)စင်းနှင့် အရှည်ပေ (၂၀) Pipe Culvert (၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေကျပ် ၁၂၂ ဒသမ ၄၇၅ သန်းဖြင့် တင်ဒါရရှိသည့် ဇေယျာစွမ်းထက်ကုမ္ပဏီမှ တာဝန်ယူ၍ ဇွန်လ(၂၅)ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ (၁၀)ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာအပါအဝင် ကျေးရွာ (၅)ရွာမှ အိမ်ခြေ ၁၁၁၃ အိမ်၊ လူဦးရေ ၄၂၈၉ ဦး၏ စိုက်ပျိုးလယ်မြေဧက(၉၀)အတွက် ရာသီမရွေးအဆင်ပြေစွာ သီးနှံစိုက်ပျိုးနိုင်မည်ဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး