ကျိုက်လတ်မြို့၌ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ

ကျိုက်လတ်  ဇူလိုင်  ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ခုနှစ်၊ စိုက်ပျိုးရာသီ ကြဲခင်းများ လျော့နည်းပပျောက်ရေး မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲ ကျင်းပခြင်းကို ယနေ့နံနက် (၁၀)နာရီက ကျုံကလွတ်ကျေးရွာရှိ တောင်သူ ဦးသိန်းဝင်း၏ လယ်မြေ ဧရိယာတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်း‌အောင်နှင့်အဖွဲ့ဝင်များက ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မျိုးစေ့ချ ကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းဖြင့် ကြဲခင်းထက်မျိုးစေ့နှုန်းထား လျှော့ချနိုင်ခြင်း၊ ပျိုးနုတ်ရန်မရှိခြင်းကြောင့် ပျိုးပင်ထိခိုက်မှု သက်သာစေခြင်း၊ ရေကြီးနစ်မြုပ်ခြင်းနှင့် ရေငတ်ဒဏ်ပိုမိုခံနိုင်ရည်ရှိခြင်း၊ အသုံးပြုမြေသြဇာ၏ အကျိုးသက်ရောက်နိုင်စွမ်း ပိုမိုကြာမြင့်စေခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းစနစ်နှင့် အထွက်နှုန်းသိသာစွာ ကွဲပြားခြားနားမှုမရှိခြင်း၊ ပေါင်းနှိမ်နင်းရန်လွယ်ကူစေ၍ လေဝင်လေထွက်ကောင်းသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးမှာကြားခဲ့သည်။

အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်း‌အောင်၊ မြို့နယ်စိုက်/တိုး/မြှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်