နတ်တလင်းမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၂)နှစ်အောက် မြို့နယ်ပညာရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နတ်တလင်း ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၂)နှစ်အောက် မြို့နယ်ပညာရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ခံ မြို့နယ်ပညာရေးမှူးဦးအောင်ကိုဝင်းနှင့် ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်ဘောလုံးအသင်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက အဖွင့်အမှာစကားပြောကြားပြီးနောက် တက်ရောက်လာကြသည့် ပြိုင်ပွဲဝင်ဘောလုံးအားကစားသမားများက နိုင်ငံတော်အလံအား အလေးပြု၍ အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက်အား ရွတ်ဆိုခဲ့ကြပြီး ပြိုင်ပွဲ ပွဲစဥ်အနေဖြင့် မြို့မအရှေ့တိုက်နယ်ဘောလုံးအသင်းနှင့် ကရင်ကွင်းတိုက်နယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဘောလုံးဝါသနာရှင်ပြည်သူများမှ ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၂)နှစ်အောက် မြို့နယ်ပညာရေးမှူးဖလား ဘောလုံးပြိုင်ပွဲကို မြို့နယ်အတွင်းရှိ တိုက်နယ်(၈)ခုမှ ပြိုင်ပွဲဝင်အသင်း (၈)သင်းဖြင့် ဇူလိုင်လ (၃) ရက်နေ့မှ (၁၂) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)