သဲကုန်းမြို့နယ်တွင် မိုးစပါး(၈၂၆၁၀)ဧက စိုက်ပျိုးရန်လျာထား

သဲကုန်း ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်နှင့် ဆန်စပါးဖူလုံစေရန်ရည်ရွယ်၍ ယခုနှစ်တွင် မိုးစပါး(၈၂၆၁၀)ဧက စိုက်ပျိုးသွားရန်လျာထားကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် ယခုနှစ်မိုးစပါးစိုက်ပျိုးမှုကို ကျေးရွာအုပ်စုပေါင်း(၄၉)အုပ်စုရှိ (၈၂၆၁)ဧကတွင် အင်းမ၊ မှော်ဘီ(၂)၊ ရတနာတိုး၊ ဗီယက်နမ်စသည့် စပါးမျိုးများကို ကြဲခင်းများစိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုး​ခြင်း၊ ကောက်စိုက်စက်/လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးလျက်ရှိပြီး (၂၅၇၄၄)ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။

သဲကုန်းမြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ စိုက်ပျိုးနည်းစနစ်သင်တန်းများဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြသခြင်း၊ သွင်းအားစုများထောက်ပံ့ပေးခြင်း၊ သဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာရောစပ်ကြဲပက်ခြင်းများ၊ စပါးအထွက်နှုန်းတိုးတက်မြင့်မားစေရန် တောင်သူများအား နည်းပညာပေးခြင်း၊ လယ်ယာကဏ္ဍသီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေး၊ အရည်အသွေးကောင်းမွန်​စေရေး၊ မိုးစပါးစိုက်ပျိုးထုတ်လုပ်ရာတွင် စီးပွားရေးအရတွက်ခြေကိုက်သည့် အထွက်နှုန်းကောင်းပြီးအရည်အသွေးကောင်းမွန်သော မျိုး​ကောင်းမျိုးသန့် စပါးမျိုးများအား တောင်သူများ ပိုမိုကျယ်ပြန့်စွာ စိုက်ပျိုးသွားနိုင်ရန် ဆောင်ရွက်လျက်ရှိသည့်အပြင် တောင်သူတစ်ဦးချင်းစီ၏ ဝင်ငွေနှင့် ဒေသဝမ်းစာဖူလုံမှုကို ပိုမိုတိုးတက်စေရန်ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)