ပွင့်ဖြူ ဇူလိုင် ၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအုတ်ရိုက်နည်းသင်တန်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်၍ သင်တန်းမှ ပို့ချသင်ကြားပေးသော သင်ခန်းစာများကို ဂရုတစိုက် လေ့လာသင်ယူ၍ လက်တွေ့လုပ်ငန်းခွင်၌ အကျိုးရှိရှိအသုံးချ ဆောင်ရွက် သွားကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ သင်ကြားပို့ချမည့် သင်ခန်းစာများနှင့် သင်တန်းစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းသားများအတွက် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းတွင် သင်တန်းနည်းပြ ဦးစန်းလွင် ဦးဆောင်သော နည်းပြဆရာများက သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးအား တစ်ပိုင်တစ်နိုင် မိသားစု ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်အတွက် အခြေခံအုတ်ရိုက်နည်းသင်ခန်းစာများကို ဇူလိုင်(၂)ရက်နေ့မှ (၁၇)ရက်နေ့အထိ သင်တန်းကာလ (၁၅)ကြာ စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)