စစ်ကိုင်း ဇူလိုင် ၃
၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်(၇)နာရီက စစ်ကိုင်းမြို့နှစ်(၇၀၀)ကွင်းအတွင်း ကျင်းပပြုလုပ်သည်။
သစ်ပင်စိုက်ပျိုးရာတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက တမာပျိုးပင်များစိုက်ပျိုးနိုင်ရန် ပျိုးပင်များပေးအပ်ခဲ့ကြပြီး အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက တမာပျိုးပင်ပေါင်း(၃၀၀)ပင်တို့အား တစ်ပြိုင်တည်း စိုက်ပျိုးခဲ့ကြသည်။
ဆက်လက်၍ အဆိုပါအဖွဲ့များသည် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မဟာစည်းခုံကြီးဘုရားရင်ပြင်တော်ပေါ်နှင့် အနီးဝန်းကျင်နေရာများတွင် စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ ဘုရားကြီးဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လက်ခံပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်