အထက်မင်းလှ ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား စိုက်ပျိုးရေးနည်းပညာပေးဆွေးနွေးပွဲဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးယူရန်လာရောက်ကြသည့် မလွန်ကျေးရွာအုပ်စုမှ တောင်သူများအား ပညာပေးဆောင်ရွက်ခဲ့သည်။
အဆိုပါတောင်သူနည်းပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစိုးသိန်းက မိုးသီးနှံလျာထားဧကပြည့်မီအောင်စိုက်ပျိုးကြရန်၊ ဆီထွက်သီးနှံအထူးဇုန်ဖြစ်၍ မိုးနှမ်း၊ မိုးမြေပဲ၊ မိုးနေကြာအပြည့်အဝ စိုက်ပျိုးကြရန်၊ မိုးနှမ်းစိုက်ပျိုးရာတွင် သီးနှံသက်တမ်းအလိုက်ဆောင်ရွက်ရမည့် အပင်ပြုစုစောင့်ရှောက်နည်းများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် နည်းပညာပေးဆွေးနွေးပွဲတက်ရောက်လာသည့် တောင်သူများက သီးနှံစိုက်ပျိုးနည်းစနစ်များနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)