ကျွန်းလှမြို့နယ်၌ မိုးမြေပဲလျာထားဧက ၇၀၀၀ ကျော်အနက် ဧက ၃၅၀၀ ကျော်စိုက်ပျိုးပြီးစီး

ကျွန်းလှ ဇူလိုင် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးမြေပဲလျာထားဧက ၇၀၀၀ ကျော်အနက် ဧက ၃၅၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်မှာ အရင်နှစ်မိုးရာသီက မိုးမြေပဲ ၇၂၃၅ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧက ပျမ်းမျှအထွက် ၄၃ ဒသမ ၅၀ တင်းထွက်ရှိပါတယ်။ ဒီနှစ် မိုးမြေပဲစိုက်ပျိုးဖို့ ၇၂၂၃ ဧကလျာထားပြီး တောင်သူတွေ မေလဆန်းက စတင်စိုက်ပျိုးကြရာ ဇွန်လကုန်အထိ ၃၅၁၅ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပိုးမွှားကျရောက်မှုကင်းစင်ရေး၊ ပေါင်းမြက်ကင်းရှင်းရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးပြေးဆေးပြုလုပ်သုံးစွဲရေးစသည့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် နွေ၊ မိုး၊ ဆောင်းရာသီအလိုက် စပါး၊ ပဲအမျိုး၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက်နှင့် အခြားသီးနှံမျိုးစုံစိုက်ပျိုးကြကြောင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ