မင်းဘူး ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ရေးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မင်းဘူး(စကု)မြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ မြို့ပေါ်ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းကျေးရွာများသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဝန်ထမ်းများဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းအဖွဲ့များက ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် နေထိုင်ကြသူများ၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ရေဘေးအန္တရာယ်နှင့်စပ်လျဉ်းပြီး ကြိုတင်သတိပေးခြင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနမှ နေ့စဉ်ထုတ်ပြန်သည့် မြစ်ရေခန့်မှန်းချက်များ၊ ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို Hand Speaker ဖြင့် အသိပေးလှည့်လည်နှိုးဆော်ခြင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများနှင့် ဓမ္မာရုံများရှိ အသံချဲ့စက်တို့ဖြင့် အသိပေးနှိုးဆော်ခြင်းများအပြင် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန၏ ယမန်နေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် မင်းဘူးမြို့တွင် ၁၁၆၆ စင်တီမီတာသို့ရောက်ရှိနေပြီဖြစ်ကြောင်း၊ မင်းဘူး(စကု)မြို့နယ်၌ ဧရာတီမြစ် စိုးရိမ်ရေအမှတ်သည် ၁၇၀၀ စင်တီမီတာ ဖြစ်ပြီး ရေအမှတ် ၁၆၅၀ ဝန်းကျင်ခန့်ရောက်မှသာ မြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ဧရာဝတီမြစ်ရေ စတင်ဝင်ရောက်လေ့ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)