ပွင့်ဖြူမြို့နယ်၌ စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ(GAP)နည်းစနစ်နှင့်အညီ သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

ပွင့်ဖြူ ဇူလိုင် ၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူဖွံ့ဖြိုးရေးအကျိုးဆောင်အသင်း(FFA)က မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ရာသီအလိုက်သီးနှံများစိုက်ပျိုးရာ၌ အစားအစာဘေးကင်းလုံခြုံသော စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ (GAP)နည်းစနစ်နှင့်အညီ သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂ ရက်၊ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ မြို့နယ်တောင်သူဖွံ့ဖြိုးရေးအကျိုးဆောင်အသင်းရုံး၌ ကျင်းပသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ် တောင်သူဖွံ့ဖြိုးရေးအကျိုးဆောင်အသင်းဥက္ကဋ္ဌ ဦးမြင့်အောင်က တောင်သူများ သီးနှံဝင်ငွေတိုးပွားရေးနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သက်သည့် ရည်မှန်းချက်လုပ်ငန်းစဉ်(၇)ရပ်နှင့် နွေနှမ်းပေါ်ချိန် တောင်သူသီးနှံစုပေါင်းရောင်းချပွဲ ကျင်းပနိုင်ရေးကိစ္စရပ်များ၊ သီးနှံများစိုက်ပျိုးရာ၌ စားသုံးသူ၊ ထုတ်လုပ်သူဘေးကင်းလုံခြုံစေမည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးစိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ(GAP) နည်းစနစ်နှင့်အညီ စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများ စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်တောင်သူဖွံ့ဖြိုးရေးအကျိုးဆောင်အသင်းဝင်များနှင့် (GAP)တောင်သူ ဆရာဖြစ်လက်မှတ်ရရှိထားသူများက မြို့နယ်အတွင်း သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးနှင့် တောင်သူသီးနှံဝင်ငွေတိုးပွားရေးအတွက် ကျေးရွာများသို့ ကွင်းဆင်းပြီး စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ(GAP)စိုက်ပျိုးရေးနည်း ပညာပေးဟောပြောပွဲများ ဆောင်ရွက်မည့်အစီအစဉ်များ၊ အသင်းမှ ရှေ့ဆက်လက်ဆောင်ရွက်မည့် ရည်မှန်းချက်လုပ်ငန်းစဉ်များနှင့် တောင်သူ(နှမ်း)သီးနှံစုပေါင်းရောင်းချပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် မြို့နယ်တောင်သူဖွံ့ဖြိုးရေးအကျိုးဆောင်အသင်းဥက္ကဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေး၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး