ဘားအံတက္ကသိုလ်၌ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ဘားအံ ဇူလိုင် ၃

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၌ ယာဉ်မတော်တဆ ဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ အသက်ဆုံးရှုံးမှု၊ လူမှုဘဝဆုံးရှုံးမှုများ လျော့နည်းစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကျောင်းသား/ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀:၀၀)နာရီက ဘားအံတက္ကသိုလ် (ဘားအံပညာ့ရိပ်သာ) ခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ / ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဝန်ထမ်းများ စုစုပေါင်း(၃၂၇)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ရှေးဦးစွာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ်တရားရေးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သက်သက်ဦးက ၂၀၂၀ ပြည့်နှစ်၊ မေလ(၂၆)ရက်နေ့က ထုတ်ပြန်ခဲ့သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ အကြောင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆက်စပ်ဥပဒေများကိုလည်းကောင်း၊ အမှတ်(၁၀)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးဟန်မွှေးက ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာဥပဒေများ၊ သိမှတ်ဖွယ်ရာများ၊ ဆိုင်ကယ်မောင်းနှင်ရာတွင် အသက်ကယ်ဆိုင်ကယ်ဦးထုပ် ဝတ်ဆင်မောင်းနှင်ရေးတို့ကိုလည်းကောင်း၊ ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်စုံအောင်က Quick Win စီမံချက်(၅ ရပ်ပါ)လိုက်နာရန်အချက်များ၊ ယာဉ်မတော်တဆမှုဖြစ်ရသည့် အကြောင်းအရင်းများ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ လိုက်နာရန် စည်းကမ်းချက်များ၊ လမ်းညွှန်အမှတ်အသားများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)