ကြံခင်းမြို့၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်‌ဧကများ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေဖုံးခြင်းအခမ်းအနား ကျင်းပ

ကြံခင်း ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ဧကများ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေဖုံးခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကွေ့မကျေးရွာအုပ်စု၊ ချောင်းခွကျေးရွာရှိ တောင်သူဦးခင်လှ လယ်မြေတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေဖုံးခြင်းအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် တာဝန်ရှိသူများက ချောင်းခွကျေးရွာရှိ တောင်သူဦးခင်လှ ဦးပိုင်အမှတ် ၂၉၈၊ ကွင်းအမှတ် ၄၆၊ လယ်မြေ(၂)ဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေဖုံးခြင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစတိုင်းသာယာက စိုက်ပျိုးဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

၎င်းပိုက်ဆံလျှော်ထည့်သွင်းခြင်းကြောင့် ပုံမှန်အားဖြင့် ပိုက်ဆံလျှော်သည် ပိုးမွှားရောဂါကျရောက်မှုနည်းပါး၍ ပိုးသတ်ဆေးသုံးစွဲရန်မလိုခြင်း၊ တောက်ပသည့် အဝါရောင်ပန်းပွင့်များကြောင့် ပျား၊ နကျယ်များကို စွဲဆောင်နိုင်၍ ဇီဝနည်းဖြင့် ပိုးမွှားကာကွယ်နိုင်ခြင်း၊ နီမတုတ်ရောဂါကျရောက်မှု လျှော့ချပေးသည့်အတွက် သီးလှည့်စိုက်ပေးနိုင်ခြင်း၊ သစ်စိမ်းမြေသြဇာသုံးစွဲခြင်းဖြင့် မြေကြီးထဲတွင် အကျိုးပြုဘက်တီးရီးယားများနှင့် တီကောင်များ ပွားများစေခြင်း၊ မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိများ တိုးတက်လာခြင်း၊ သစ်စိမ်းမြေသြဇာကို နှစ်ရာသီ၊ သုံးရာသီ ဆက်တိုက်စိုက်ပျိုးပါက ပေါင်းပေါက်ရောက်မှုကို သိသိသာသာလျော့နည်းစေခြင်း၊ သစ်စိမ်းမြေသြဇာကိုသုံးခြင်းအားဖြင့် ဓာတ်မြေသြဇာသုံးစွဲမှုကို လျှော့ချနိုင်ပြီး ပတ်ဝန်းကျင်ရှိ မြေနှင့်ရေထုအတွင်းသို့ ဓာတုအဆိပ်အတောက်များစီးဆင်းမှုကို လျှော့နည်းစေနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဌာနမှ သိရှိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)