ပြင်စလူ ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် အရိပ်ရသစ်ပင် စုပေါင်းစိုက်ပျိုးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ပြင်စလူ-လေယာဉ်ကွင်း လမ်းမကြီး လမ်းဘေးဝဲယာ တစ်လျောက် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့သည်။
ထို့နောက် ပြင်စလူမြို့ အထွေထွေအုပ်အချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်းမှ သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသူများအား အသိပညာပေးပြောကြားရာတွင် သစ်တောများ ပြုန်းတီးမှုကြောင့် ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်း၊ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးခြင်းနှင့် ဇီဝမျိုးစုံ မျိုးကွဲများ လျော့နည်းဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်ခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းကြောင့် သဘာဝ ဘေးအန္တရာယ်အမျိုးမျိုး၊ ဘေးရောဂါအမျိုးမျိုးတို့ ရင်ဆိုင်ကြုံတွေ့ရလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် သစ်တောများက တုံ့ပြန်သော ကောင်းကျိုးများ များပြားခြင်း၊ အေးမြသော သစ်ပင်အရိပ်ရရှိခြင်း၊ နေပူပူတွင် သွားလာနေသူများအတွက် နားခိုဖွယ်ရာ အရိပ် ကောင်းကိုရရှိခြင်းတို့ကြောင့် သစ်ပင်များစွာ စိုက်ပျိုးခြင်းဖြင့် ရာသီဥတုကို ထိန်းညှိပေးခြင်း၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ ဇီဝမျိုးစုံ မျိုးကွဲကြွယ်ဝစေခြင်းတို့ကြောင့် လူသားတို့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာမက ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် အရေးပါကြောင်း အသိပညာပေး ပြောကြားခဲ့သည်။
ထို့သို့ အရိပ်ရသစ်ပင် စုပေါင်းစိုက်ပျိုးပွဲကို ပြင်စလူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့မ ရဲစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့လျှပ်စစ် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ထွန်းထွန်း (ပြင်စလူ ပြန်/ဆက်)