ကမမောင်း ဇူလိုင် ၃
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ အ.ထ.က-ကမမောင်း အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်း၌ ကမမောင်းမြို့တပ်မမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့ အုပ်ချုပ်ရေးမှူးတို့ဦးဆောင်၍ ကျောင်းဝန်းအတွင်းအပြင်ရှိ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စုပေါင်းအမှိုက်ကောက်ခြင်းများ ပြုလုပ်ခဲ့သည်။
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းကာ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် အင်အား (၁၀၀)ဦးခန့်ဖြင့် နံနက် ၉ နာရီမှ ၁၀ နာရီအထိ စုပေါင်းအမှိုက်ကောက်ခြင်း၊ ကျောင်းဝန်းအတွင်းရှိ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များအား စနစ်တကျစွန့်ပစ်ခြင်း၊ ချုံနွယ်များအား မြက်ဖြတ်စက်များဖြင့် ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။
ကမမောင်း(ပြန်/ဆက်)