ကျိုက်လတ် ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဗဟိုအဆင့်၌ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် မြို့နယ်အဆင့်ပြိုင်ပွဲဝင်ရန် ကျိုက်လတ်မြို့နယ်၊ (၁၁) ဖြတ်လမ်းရှိ မြို့နယ်သဘင်ရုံးတွင် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ စခန်းသွင်းလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ စခန်းသွင်း လေ့ကျင့်ရာတွင် သတ်မှတ်ထားသည့် ပြိုင်ပွဲအမျိုးအစားအလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များက အစမ်းလေ့ကျင့် ဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ တာဝန်ရှိသူများက ပြိုင်ပွဲဝင်ရောက် ကြမည့်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သဘင်၊ ဂီတ အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်များ၊ မိဘ ပြည်သူများလာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
ကျိုက်လတ်မြို့နယ်အနေနှင့် အခြေခံပညာနှင့်ဝါသနာရှင်၊ ပညာရှင်အဆင့် ပြိုင်ပွဲဝင်များကို ဖျာပုံခရိုင် ကိုယ်စားပြု၊ တိုင်းကိုယ်စားပြု၍ ဗဟိုအဆင့်ထိ ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ မိမိတို့ မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အမွေကို အနာဂတ်လူငယ်များသိရှိ တန်ဖိုးထားတတ်စေရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမူကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် ရည်ရွယ်ချက်များဖြင့် မြို့နယ်အဆင့်မှခရိုင် အဆင့်၊ တိုင်းအဆင့် ဗဟိုပြိုင်ပွဲများအတွက် ရည်ရွယ်၍ ပြိုင်ပွဲဝင်များကို တစ်လတာ စခန်းသွင်း လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်