ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ညှိနှိုင်းအစည်းအဝေးနှင့်၂၀၂၄-၂၀၂၅ ပညာသင်နှစ် လက်မှတ်ရစီးပွားရေး စာရင်းကိုင်ပညာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ပုသိမ် ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၁ ရက်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ရာ ညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးအခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များ၊ အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်ငွေများ လွတ်ကင်းမှုမရှိစေဘဲ အပြည့်အဝကောက်ခံရရှိရေးအတွက် တွန်းအားပေး ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များ၊ အခွန်ထမ်းများအား အခွန်ဆိုင်ရာဥပဒေများနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် အသိပေးရှင်းလင်းရမည်ဖြစ်ပြီး တာဝန်သိသိလိုလားစွာဖြင့် အခွန်ထမ်းဆောင်လာစေရန် စည်းရုံးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စည်းကြပ်ကောက်ခံသည့် အခွန်များ၊ လစဉ်ပေးသွင်းရမည့် အခွန်များအား သက်ဆိုင်ရာဌာနများက အပြည့်အဝကောက်ခံရရှိရေး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ဆောင်ရွက်ရသည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များက လိုက်နာခြင်းရှိ/မရှိ စောင့်ကြပ်ကြည့်ရှုဖော်ထုတ်၍ လိုက်နာခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အခွန်ဘဏ္ဍာငွေများပြည့်ဝစွာရရှိရေးအတွက် အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ အတွင်းရေးမှူး၊ အထောက်အကူပြုအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက အခွန်ငွေများ အပြည့်အဝကောက်ခံရရှိရေး ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးအခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်းတွင် ကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ယခုဖွင့်လှစ်သော လက်မှတ်ရ စီးပွားရေးစာရင်းကိုင်ပညာသင်တန်းကို စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းကာလမှာ (၃)နှစ်ဖြစ်ပြီး အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်များဖြစ်သည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒဘာသာရပ်များအပြင် သမဝါယမစာရင်းရေး စာရင်းကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်း ပညာရပ်များအား အခြေခံကျကျ တက်ကျွမ်းနားလည်အောင် သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ပထမနှစ် သင်တန်းသား (၁၈)ဦးနှင့် သင်တန်းသူ (၉)ဦး စုစုပေါင်း (၂၇)ဦး၊ ဒုတိယနှစ်တွင် သင်တန်းသား (၉)ဦး၊ သင်တန်းသူ (၂၃)ဦး စုစုပေါင်း (၃၂)ဦး တက်ရောက်သင်ကြားလျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရက သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်းများ၊ စားသောက်စရိတ်နှင့် ထောက်ပံ့ငွေများအား လစဉ်ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ရပ်ဝေးမှသင်တန်းသား၊ သင်တန်းသူများအတွက်လည်း အဆောင်နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် စာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာရပ်များကို စွမ်းစွမ်းတမံ ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ၊ ဖျာနှင့် ခြင်ထောင်များ ထောက်ပံ့ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့နယ် ဇင်ပြွန်းကုန်းကျေးရွာအုပ်စုရှိ တောင်သူဦးကြည်စိုး၏ လယ်မြေ (၃)ဧကတွင် ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီ ကြဲခင်းများ လျော့နည်းပပျောက်ရေး မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် ဆင်းသုခစပါးမျိုး မိုးစပါးမျိုးစေ့ချစိုက်ပျိုးခြင်းအား ကြည့်ရှုအားပေးခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တိုင်းဒေသကြီးပြည်တွင်းအခွန်များဦးစီးဌာနမှူးရုံးသို့ရောက်ရှိ၍ ဘဏ္ဍာနှစ်အလိုက် အခွန်အရပ်ရပ်ကောက်ခံရရှိမှု အခြေအနေများအား တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးက ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းရှင်များ၊ အခွန်ထမ်းများအား အခွန်ဆိုင်ရာဥပဒေများနှင့်စပ်လျဉ်း၍ မြေပြင်တွင် ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် အသိပညာပေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တွင် ပုသိမ်မြို့နယ် ဂိုဏ်းပေါင်းစုံသံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းတက်ရောက်လျက်ရှိသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား သွားရောက်ဖူးမြှော်ကြည်ညိုခဲ့ပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ပုသိမ်မြို့နယ် ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းတွင် ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောဘိတ၊ ပုသိမ်မြို့၊ ရွှေမစိုးရိမ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိဇယ၊ ဓနုဖြူမြို့၊ ပြဿဒ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တခန္တီဝါဒ ဆရာတော်ကြီးများနှင့် တိုင်းဒေသကြီးသာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးတို့မှ (၂.၇.၂၀၂၄)ရက်နေ့မှ (၄.၇.၂၀၂၄)ရက်နေ့အထိ သင်တန်းသားဆရာတော် သံဃာတော်အရှင်သူမြတ် (၁၇၀)ပါးအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)