ဒေးဒရဲ ဇူလိုင် ၃
ဧရာဝတီတိုင်ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် တော်ကမယ်ကျေးရွာရှိ မိုးစပါးစိုက်ဧကများ၌ တစ်ဧက စပါးအထွက်နှုန်း ပိုမိုတိုးတက်စေရေးနှင့် ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်း ပြီးစီးနိုင်သည့် စပါးမျိုးစေ့ချ ကိရိယာဖြင့် တိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၁) နာရီက တော်ကမယ်ကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၂၅၅)၊ ဦးပိုင်အမှတ် (၆/၅) ရှိ တောင်သူဦးထွန်းဝင်း၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ရာ ဖျာပုံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ တက်ရောက်အားပေး ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ မျိုးစေ့ချ ကိရိယာ (Drum Seeder) ဖြင့် စပါးတိုက်ရိုက်မျိုးစေ့ချပွဲ အခမ်းအနားကို ဖျာပုံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇင်မောင်မောင်နှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်အားပေးကြည့်ရှုခဲ့ပြီး ဒေသခံတောင်သူများ တင်ပြလာသည့် အခက်အခဲများအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဖျာပုံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များက သဲကုန်းကျေးရွာ၊ တောင်သူဦးတင်အေး၏ လယ်မြေ (၃) ဧကတွင် စပါးမျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးထားသည့် စပါးခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အေဇာလင်း