ပခုက္ကူ ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း ဌာနဆိုင်ရာများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများ နည်းစနစ်မှန်ကန်မှုရှိပြီး အရည်အသွေးပြည့်မီစွာဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက မြို့နယ်အဆင့်ဒေသန္တရစီမံကိန်းလုပ်ငန်းများကို ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဌာနများအနေဖြင့် လုပ်ငန်းစံချိန်စံညွှန်း၊ အရည်အသွေးများနှင့်ကိုက်ညီမှုရှိရေး၊ လုပ်ငန်းတာဝန်ယူဆောင်ရွက်မည့် ကုမ္ပဏီများနှင့် စနစ်တကျတွေ့ဆုံညှိနှိုင်းဆောင်ရွက်ရေး၊ စိုက်ပျိုးမြေစိုက်ခင်းများတွင် ရာသီအလိုက် ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ ဒေသ၊ ရာသီဥတုနှင့်ကိုက်ညီမှုရှိသည့် စိုက်ပျိုးသီးနှံများ ပိုမိုစိုက်ပျိုးရေးနှင့် အထွက်နှုန်းတိုးတက်မြင့်မားစေရေး စနစ်တကျကြပ်မတ်ဆောင်ရွက်ရေး၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာစာကြည့်တိုက်များ၊ ကျောင်းစာကြည့်တိုက်များ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေး၊ ကျောင်းနေအရွယ်ကလေးငယ်တိုင်း ကျောင်းနေမြဲရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ အတန်းကူးပြောင်းမှုနှုန်းမြင့်မားရေး၊ အသိပညာဗဟုသုတများဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်ပြည့်စုံကြွယ်ဝသည့် ကျောင်းသား၊ ကျောင်းသူ(လူငယ်)များဖြစ်လာရေး စာဖတ်ရှိန်မြင့်မားရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲ၊ ပြပွဲများ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်နိုင်ရေး အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့အတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ ဌာနများအလိုက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)