ရှမ်းရွာသစ်မြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းရွာသစ် ဇူလိုင် ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ပေါ်ဒေသဖြစ်၍ မိုးရာသီကာလတွင် တောင်ကျရေများစီးဆင်းမှုကြောင့် မြေပြိုခြင်းနှင့် ရေကြီးမှုများ ဖြစ်ပေါ်တတ်သဖြင့် ကျောင်းသား/သူများ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးနှင့် စာထောက်-၃ ဒေါ်နော်မုနော်ဂေတို့က မြေပြိုမှုမဖြစ်ပွားမီ လိုက်နာရမည့်အချက်များ၊ ရေကြီးမှုဖြစ်ပေါ်လာပါက လိုက်နာရမည့်အချက်များ၊ ရေမကြီးမီကြို တင်ပြင်ဆင်ရမည့်အချက်များကို ကျောင်းသား/သူများအား စကောကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးဟောပြောပြီးနောက် သဘာဝဘေးအန္တရာယ်များဖြစ်သော မြေပြိုဘေး၊ ငလျင်ဘေး၊ ရေဘေးအသိပညာပေးအချက်များပါဝင်သည့် အသိပညာပေးနံရံကပ် စာစောင်များ ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူ လူငယ်လေးများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)