ဒေးဒရဲ ဇူလိုင် ၂
ဧရာဝတီတိုင်ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများတွင် တစ်ဧကစပါးအထွက်နှုန်း ပိုမိုတိုးတက်စေရေး၊ လယ်ယာလုပ်သားရှားပါးမှုနှင့် ကောက်စိုက်စရိတ်ကြီးမြင့်သည့် အခက်အခဲများ ကျော်လွှား၍ ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်း ပြီးစီးနိုင်သော မျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းစနစ်ကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်စေရေးအတွက် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးလျက်ရှိသည့် ကျေးရွာအုပ်စုများသို့ မျိုးစေ့ချကရိယာ (Drum Seeder) များ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါမျိုးစေ့ချကရိယာများ ထောက်ပံ့ခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇင်မောင်မောင်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးလျက်ရှိသည့် ကျေးရွာအုပ်စု(၅၀)ရှိ တောင်သူများကိုယ်စား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံသို့ လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
၎င်းမျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စပါးမျိုးစေ့ချ စိုက်ပျိုးခြင်းဖြင့် စပါးကြဲခင်းထက် မျိုးစေ့နှုန်းလျော့ချနိုင်ခြင်း၊ ပျိုးနုတ်ရန်မလိုအပ်ခြင်းကြောင့် ပျိုးပင်ထိခိုက်မှုသက်သာစေခြင်း၊ အမြစ်ကြီးထွားဖွံ့ဖြိုးမှု စောစီးစွာရရှိစေခြင်း၊ ရေကြီးနစ်မြှပ်ခြင်းနှင့် ရေငတ်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေခြင်း၊ အသုံးပြုမြေသြဇာ၏ အကျိုးသက်ရောက်နိုင်စွမ်း ပိုမိုကြာမြင့်စေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပြီး လုပ်သားသုံးစွဲမှုလျော့နည်းစေကာ လောင်စာဆီသုံးစွဲရန် မလိုအပ်ခြင်းကြောင့် ကုန်ကျစရိတ်သက်သာစေပြီး ပျိုးထောင်စိုက်ပျိုးခြင်းစနစ်နှင့် အထွက်နှုန်းသိသာစွာ ကွဲပြားခြားနားမှုမရှိခြင်းကြောင့် စီးပွားရေးတွက်ချေကိုက်သည့် စိုက်ပျိုးနည်းစနစ်အား ဒေသခံတောင်သူများ အသုံးပြုနိုင်စေရေး ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
အေဇာလင်း