ချောက် ဇူလိုင် ၂
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ ရေဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုကို ယနေ့ နံနက် ၁၀ နာရီမှစတင်၍ ဧရာတီမြစ်ရေဝင် မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ဧရာဝတီမြစ်ကမ်းနံဘေးတစ်လျောက်ရှိ ရပ်ကွက်များသို့ လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ အသိပေးနှိုးဆော်မှုဆောင်ရွက်ရာတွင် ဧရာဝတီမြစ်ရေဝင် ရပ်ကွက်များဖြစ်သည့်အမှတ်(၇)ရပ်ကွက်၊ ရွာဟောင်းရပ်၊ အုတ်ဖိုရပ်၊ အမှတ်(၂) ရပ်ကွက်အလယ်ဓမ္မာရုံရပ်တို့တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရေကြီးခြင်းသတိပေးချက်များဖြစ်သည့် မြစ်ရေကြီးရခြင်းအကြောင်းအရင်း၊ ရေကြီးမှုကြောင့်ဖြစ်ပေါ်လာနိုင်သောဆိုးကျိုးများ၊ ရေမကြီးမီကြိုတင်ဆောင်ရွက်ရမည့်အချက်များ၊ ရေကြီးခြင်းသတိပေးချက်ရရှိပါက လိုက်နာရမည့်အချက်များ၊ ရေကြီးစဥ်နှင့်ရေကြီးပြီးနောက်ဆောင်ရန်/ရှောင်အချက်များကို အသံချဲ့စက်ဖြင့်လိုက်လံအသိပေးနှိုးဆော်၍ ရေဘေးအသိပညာပေး လက်ကမ်းစာစောင်များကိုပါ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)