ပန်းတနော်မြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပန်းတနော် ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်တောဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ဂုံမင်းကျေးရွာ တောရဘုန်းကြီးကျောင်းဝန်းအတွင်း စုပေါင်းစိုက်ပျိုးခဲ့သည်။

သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းအေးချမ်းဇွန်၊ သစ်တောဦးစီးဌာန မြို့နယ်တာဝန်ခံ (တောအုပ်) ဦးသန့်ဇင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ဒေသခံပြည်သူများက မန်ဂျန်ရှား (၈၉)၊ မဟော်ဂနီ (၉၀)၊ ကျွန်း (၁)၊ ကံကော် (၁)၊ ခရေ (၁)၊ တပေပူတ (၁)  စုစုပေါင်း (၁၈၃)ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)