ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဟားခါးတက္ကသိုလ်၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဟားခါး ဇူလိုင် ၂

ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက် ၉ နာရီအချိန်က ဟားခါးတက္ကသိုလ်၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပရာ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီနှင့် ဟားခါးတက္ကသိုလ်ရှိ သင်ကြား၊ စီမံ၊ အင်ဂျင်နီယာဌာနများရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီနှင့် ဌာနမှူးများက စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဖဲကြိုဖြတ်ဖွင့်လှစ်ကြပြီး ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီက ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် ရေကြီးခြင်း၊ မြေပြိုခြင်း၊ တောမီး လောင်ကျွမ်းခြင်း၊ လေထုညစ်ညမ်းခြင်း စသည့်သဘာဝဘေးအန္တရာယ်များ လျော့နည်းလာရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသည့် ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီနှင့် ဟားခါးတက္ကသိုလ်ရှိ သင်ကြား၊ စီမံ၊ အင်ဂျင်နီယာဌာနများရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများက သတ်မှတ်နေရာများတွင် သစ်ပင်များ စိုက်ပျိုးကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ချယ်ရီပင် (၃၅၀) ပင်၊ တောင်ဇလပ်ပင် (၁၀၀) ပင်၊ စိန်ပန်းပင် (၅၀) ပင်နှင့် လိမ္မော်ပင် (၂၅၀) ၊ စုစုပေါင်း (၇၅၀) ပင် စိုက်ပျိုးခဲ့ကြောင်းနှင့် အဆိုပါပျိုးပင်များကို ပြည်နယ်သစ်တောဦးစီးဌာနနှင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနများမှ ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)