ဖြူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်နှင့် တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရရှိသူများအား ဆုချီးမြှင့်

ဖြူး ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်နှင့် တက္ကသိုလ်ဝင်တန်း ဂုဏ်ထူး ရသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ရာပြည့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားအား မြန်မာ့ကျောင်းသီချင်းဖြင့် ကျောင်းသား/ကျောင်းသူ ကလေးများက သီဆို ဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးခင်မောင်စိုးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူးဒေါ်သီသီကြိုင်က ဖြူးမြို့နယ်အတွင်း ပညာရေးဆိုင်ရာများနှင့် ပတ်သက်၍လည်းကောင်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးဖြူက အ.ထ.က (၁) ကျောင်း၏ ပညာရေးဆိုင်ရာ အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။

ဆက်လက်၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း၌ (၆) ဘာသာဂုဏ်ထူးရရှိသူ (၁) ဦး၊ (၄) ဘာသာဂုဏ်ထူးရရှိသူ (၂) ဦး၊ (၃) ဘာသာဂုဏ်ထူးရရှိသူ (၂) ဦး၊ (၂) ဘာသာဂုဏ်ထူးရရှိသူ (၁) ဦး၊ (၁) ဘာသာဂုဏ်ထူးရရှိသူ (၇) ဦး ရရှိသည့် ကျောင်းသား/ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင်သင်ကြားပေးနိုင်သည့် ဆရာ/ဆရာမ များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်များက တက်ရောက် ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား/ ကျောင်းသူ (၃၇၀) ဦး အောင်မြင်၍  ဖြေဆိုအောင်မြင်မှု ရာခိုင်နှုန်းမှာ (၅၁.၂၅) ရာခိုင်နှုန်းရှိကြောင်း၊ (၆) ဘာသာဂုဏ်ထူးရရှိသူ (၁) ဦး၊ (၅) ဘာသာ ဂုဏ်ထူးရရှိသူ (၁) ဦး၊ (၄) ဘာသာဂုဏ်ထူးရရှိသူ (၅) ဦး၊ (၃) ဘာသာဂုဏ်ထူးရရှိသူ (၇) ဦး၊ (၂) ဘာသာဂုဏ်ထူးရရှိသူ (၇) ဦး၊ (၁) ဘာသာဂုဏ်ထူးရရှိသူ (၄၀) ဦးနှင့် ယခုနှစ်ဖြူးမြို့နယ်တွင် ဘာသာစုံဂုဏ်ထူး ရရှိသူတစ်ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)