ပခုက္ကူမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ‌ပေးဟောပြောပွဲ ပြိုင်ပွဲနှင့် ပြပွဲအခမ်းအနား ကျင်းပ

ပခုက္ကူ ‌ဇူလိုင် ၂

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာများအပြင် ပြင်ပစာပေကောင်းများ ဖတ်ရှု‌လေ့လာသိရှိခြင်းဖြင့် အသိပညာဗဟုသုတများ တိုးတက်မြင့်မားပြီး ဗလငါးတန်ပြည့်စုံကြွယ်ဝသည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ပြိုင်ပွဲနှင့် ပြပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက စာဖတ်ခြင်းသည် ဘဝတစ်သက်တာအတွက် လွန်စွာအကျိုးကျေးဇူးရှိစေသောကြောင့် ကလေးငယ်များကို ငယ်ရွယ်စဉ်ကပင် စာပေဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးရန် အရေးကြီးကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး  ကျောင်းသား၊ ကျောင်းသူ(လူငယ်)များအနေဖြင့် နေ့စဉ်စာဖတ်ရာ၌ သုတ၊ ရသပညာရပ်ပေါင်းစုံကို ဖတ်ရှုလေ့လာကြရန်လိုအပ်ကြောင်း၊ စာဖတ်ခြင်းဖြင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားကိုးအားထားပြုရမည့် သားကောင်း၊ သမီးကောင်းပညာရှင်များ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြန်မာ့ရိုးရာစကားပုံနှင့် မြန်မာ့ရိုးရာစကားထာစွမ်းရည်ပြိုင်ပွဲ ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး အဖြေမှန်ရရှိသူများအား စာရေးကိရိယာလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများ တိုးတက်မြင့်မားလာစေရေး ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသပညာရပ်အစုံ စာအုပ်များ ခင်းကျင်းပြသခြင်း၊ ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)