ဘိုကလေးမြို့နယ်တွင် မိချောင်းဆွဲခံရသူအား ဆေးဝါးကုသစရိတ်ထောက်ပံ့

ဘိုကလေး ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာအုပ်စု၊ ရေကျော်ကြီးကျေးရွာတွင် နေထိုင်သူ လယ်လုပ်ငန်းလုပ်ကိုင်သည့် အမျိုးသားတစ်ဦးသည် ဇွန်လ(၂၈)ရက် ညနေ (၆)နာရီခွဲ အချိန်ခန့်၌ လယ်အတွင်းပျိုးထောင်မည့် မျိုးစပါးများအား ရွာအနီးမှ နှာကြီးချောင်းအတွင်း ရေဆင်းဆေးစဉ် မိကျောင်းဆွဲခံရသဖြင့် ဘယ်ဘက်ဖနောင့် စုတ်ပြဲဒဏ်ရာ (၁)ချက်၊ ဘယ်ဘက် ခြေသလုံး ကြွက်သားပဲ့ထွက် ဒဏ်ရာ (၁)ချက်ရရှိခဲ့ပြီး ရရှိသောဒဏ်ရာများအား ဆေးဝါးကုသနိုင်ရေး ဘိုကလေးကုတင်(၁၀၀)ဆေးရုံသို့ ညတွင်းချင်း တက်ရောက်ကုသခံယူခဲ့သည်။

မိချောင်းဆွဲခံရသူအား ဆေးဝါးကုသစရိတ် အထောက်အပံ့ဖြစ်စေရေးအတွက် ဘိုကလေးမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ယနေ့နံနက်(၁၀)နာရီအချိန်၌ တာဝန်ရှိသူများ၏ ရှေ့မှောက်၌ မိချောင်းဆွဲခံရသူ ဆေးဝါးကုသနေသော ဘိုကလေးကုတင်(၁၀၀)ဆေးရုံသို့ အရောက်သွား၍ ထောက်ပံ့ငွေ (၅၀၀၀၀)ကျပ်အား ပေးအပ်ခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ် မိန်းမလှကျွန်းတောရိုင်း တိရိစ္ဆာန်ဘေးမဲ့တော၊ ကဒုံကနိကြိုးဝိုင်း၊ ပျဉ်ဒရယ် ကြိုးဝိုင်းတို့နှင့် ဆက်စပ်ရာ သဘာဝဒီရေတောများသည် ရေချိုရေငံစပ်မိချောင်းများ မျိုးပွားခိုလှုံရာ ဒေသတစ်ခုဖြစ်သည့်အပြင် ယခုအချိန်ကာလသည် မိချောင်းများ၏ ဥချ၊ သားပေါက်နိုင်ရေးအတွက် အသိုက်ပြုလုပ်သည့် ကာလဖြစ်သည့်အတွက် ၎င်းဒေသများနှင့် ထိစပ်နေထိုင်သူများအဖို့ မိချောင်းအန္တရာယ်အား ယခင်ကထက် သတိကြီးစွာထားရန် လိုအပ်ကြောင်းလည်း တာဝန်ရှိသူများထံမှ သိရသည်။

မိုးစက်(ဘိုကလေး)