နတ်မောက်မြို့နယ်၊ အိုင်ဇောက်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်း ဖွင့်လှစ်

နတ်မောက် ဇူလိုင် ၂                                                                              

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁ ရက် နံနက် (၁၀) နာရီအချိန်က အိုင်ဇောက်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးက အဖွင့်အမှာစကားပြောကြားရာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းတက်ရောက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိကာ မိသားစုဝင်ငွေ တိုးပွားလာစေမည်ဖြစ်ကြောင်းပြောကြားပြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားကာ သင်တန်းနည်းပြများက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက သင်တန်းတွင်အသုံးပြုမည့် သင်ထောက်အပစ္စည်းများကို သင်တန်းသားများထံ ပံ့ပိုးပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် အိုင်ဇောက်ကျေးရွာမှ သင်တန်းသား ၁၅ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇူလိုင်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျွမ်းကျင်သင်တန်းနည်းပြများက စာတွေ့၊ လက်တွေ့(အခမဲ့) သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သိမ့်သိမ့်မိုး