ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေစိုးရိမ်ရေအမှတ်အထက် ကျော်လွန်

ခန္တီး ဇူလိုင် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မိုးများ အဆက်မပျက်ရွာသွန်းလျက်ရှိရာ ချင်းတွင်းမြစ်ရေမှာ စိုးရိမ်ရေအမှတ်အထက် (၁)ပေကျော် မြင့်တက်လျက်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးမှူးရုံးမှ သိရသည်။

ခန္တီးမြို့၏ စိုးရိမ်ရေအမှတ်မှာ ၁၃၆၀ စင်တီမီတာဖြစ်ပြီး ဇူလိုင်လ(၁)ရက်နေ့ (၃)နာရီခွဲအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေမှာ ၁၃၉၆ စင်တီမီတာသို့ ရောက်ရှိလျက်ရှိရာ စိုးရိမ်ရေအမှတ်အထက် (၁)ပေကျော်မြင့်တက်လျက်ရှိသည်။ ခန္တီးမြို့တွင် ဇွန်လ(၂၃)ရက်နေ့မှ ဇူလိုင်လ(၁)ရက်နေ့အထိ မိုးများ အဆက်မပျက်ရွာသွန်းလျက်ရှိရာ မိုးရေချိန်လက်မ(၁၀.၄၃)လက်မ ရှိပြီး မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်အချို့တွင် မိုးရေများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)