လက်ပံတန်းမြို့နယ်၌ မိုးစပါးဧကတစ်သိန်းကျော် စိုက်ပျိုးရန် လျာထား

လက်ပံတန်း ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးဆောင်ရွက်နေမှုအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ဇူလိုင် ၁ ရက်နေ့ မွန်းလွဲပိုင်းက ကြည့်ရှုအားပေးခဲ့သည်။

လက်ပံတန်းမြို့နယ် ဂွေးတောက်ကွင်းကျေးရွာ တောင်သူဦးသန်းနိုင်၏ လယ်မြေ၌ ဗီယက်နမ်စပါးမျိုးကို ဘောင်စနစ်ဖြင့် ပျိုးထောင်၍ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့က ကြည့်ရှုအားပေးပြီး မျိုးကောင်းမျိုးသန့်ရွေးချယ်ပြီး စိုက်နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် မိုးစပါးစိုက်ဧက ၁၀၁၈၃၈ ကေ စိုက်ပျိုးရန်လျာထားပြီး Drum Seeder အစေ့ချစက်၊ ဘောင်စနစ်ဖြင့်ပျိုးထောင်၍ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ၃၂၅၀၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)