ဒေးဒရဲမြို့နယ် သံဒိဇီးဖြူကုန်းကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ရေးနှင့် (Biometric Data) များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ဒေးဒရဲ ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးနှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက သံဒိဇီး​ဖြူကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာဓမ္မာရုံတွင် ကွင်းဆင်းပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒေးဒရဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးနိုင်ဦးလှိုင် ကြီးကြပ်မှုဖြင့် တိုက်နယ်မှူး ဦးအောင်ကျော်ဝင်းနှင့် ဝန်ထမ်းများက ဇီးဖြူကုန်းကျေးရွာသို့ကွင်းဆင်း၍ မြေပြင်အရောက် လူကျန်စာရင်း အကွက်အပေါက်များကောက်ယူခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူပြည်သူများ၊ အသက်(၁၀)နှစ် ပြည့်ပြီးသူနှင့် အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် (Biometric) ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ သက်ဆိုင်ရာတိုက်နယ်မှူးများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒေးဒရဲမြို့နယ်ဦးစီးမှူးရုံးက သိရသည်။

အေဇာလင်း