ပန်းတနော် ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြစ်ရေကြီးစဉ် တာတမံရေဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက မင်းဆယ်ကျေးရွာအုပ်စု လှိုင်တာကျေးရွာ သရက်ချောင်း- မင်းဆယ်တာ တာမိုင်(၂/ ၄) မိုင်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါသရုပ်ပြပွဲတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွန်း၊ ဒု-ဦးစီးမှူး ဦးသိန်းဇော်ဝင်းနှင့် တာဝန်ရှိသူများက မြစ်ရေကြီးစဉ် တာတမံရေဘေးအန္တရာယ် ကျရောက်ပါက ဖြစ်ပေါ်တက်သည့် ရေပေါက်(ထူးပေါက်)ပေါက်ခြင်း၊ တာထိပ်ပေါ် ရေကျော်ခြင်း၊ တာအိခြင်း၊ သဲဗွက်ထခြင်းတို့ဖြစ်ပေါ်ပါက လုပ်ဆောင်ရမည့်နည်းစနစ်များ၊ ရှောင်သင့်သည့်အချက်များ၊ တာတမံကျိုးပေါက်နိုင်သည့်အချက်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ ရေဘေးအန္တရာယ်ကျရောက်ပါက တာတမံများအား ကြိုတင်ပြင်ဆင်လုပ်ဆောင်ရမည့်အချက်များကို လက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စစ်လင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်း၊ လူမှုရေးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)