ပွင့်ဖြူ ဇူလိုင် ၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဆန်များ ဝယ်ယူစားသုံးခွင့်ရရှိစေရန် ရည်ရွယ်၍ ဆန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ဒေသတွင်း ဆန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် အခြားသောအခြေခံစားကုန်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်မှုမဖြစ်စေရေး သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချရေးရှင်းလင်းပြောကြားပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန(တာဝန်ခံ) ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချပေးရမည့် ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းထိုက်နှင့် အဖွဲ့ဝင်များ၊ ဆန်ကုန်သည်များအသင်းဥက္ကဋ္ဌ ဒေါ်နိုင်နိုင်မော်နှင့် ဆန်လုပ်ငန်းရှင်များက မြို့နယ်အတွင်း ဆန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပြီး ပြည်သူများ စားသောက်ရေးအဆင်ပြေစေရေးအတွက် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဆန်များ ရောင်းချပေးနိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် ဒေသတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များနှင့် ဆန်ကုန်သည်များကို ပြီးခဲ့သည့် ဇွန်လအတွင်းက ဧည့်မထ ဆန် (၁)ပြည်လျှင် ငွေကျပ် ၃၀၀၀ နှုန်း၊ ဧရာပဒေသာ ဆန်(၁)ပြည်လျှင် ငွေကျပ် ၄၈၀၀ နှုန်းဖြင့် ရောင်းချပေးရန် ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ပေးထားကြောင်း ပွင့်ဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာန(တာဝန်ခံ) ဒေါ်ဌေးဌေးဝင်းက ပြောသည်။
လှိုင်ဝင်းလေး