ကော့ကရိတ် ဇူလိုင် ၁
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူကလေးများအား အထွေထွေဗဟုသုတများနှင့် သိသင့်သိထိုက်သော စည်းမျဉ်းစည်းကမ်းဥပဒေဆိုင်ရာအကြောင်းအရာများအား နားလည်သဘောပေါက်နိုင်စေရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ သရဖီခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲ၌ ခရိုင်ပညာရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကျန်းမာရေးဦးစီးဌာနမှူးမှ မူးယစ်ဆေး၏ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုး အကြောင်းအရာများကိုလည်းကောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတိယရဲမှူးမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ သိမှတ်ဖွယ်လိုက်နာရမည့်စည်းကမ်းချက်များကိုလည်းကောင်း မြဝတီမြို့အမှတ်(၃၂)မူးယစ်တပ်ဖွဲ့စု ရဲအုပ်မှ ကျောင်းသူ/သားများ မူးယစ်ဆေးဝါးမသုံးစွဲမိစေရေးအတွက် မူးယစ်ဆေး၏ ဆိုးကျိုးများ ပြစ်မှု၊ ပြစ်ဒဏ်ဆိုင်ရာ အကြောင်းအရာများဟောပြောခဲ့ကြောင်း သိရသည်။
ယင်းနောက် ၎င်းဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အသိပညာပေးသတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်