ကျုံပျော်ခရိုင်တွင် အောင်ပွဲရ အမျိုးသမီးဘောလုံးအသင်းအား ကြိုဆိုဂုဏ်ပြု

ကျုံပျော် ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်  အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရရှိခဲ့သော ကျုံပျော်ခရိုင်အသင်းအား ကြိုဆိုဂုဏ်ပြုပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့တွင် ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပထမဆုဖလား ရယူလာသော ကျုံပျော်ခရိုင် ဘောလုံးအသင်းအား ဦးဖိုးခလမ်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများက ဂုဏ်ပြုပန်းကုံးစွပ်ခြင်း၊ သပြေခက်များ၊ အောင်ပန်းများ ချီးမြှင့်ခြင်းတို့ဖြင့်  သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။

ထို့နောက် ဂုဏ်ပြုပွဲကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ပြီး ခရိုင်ဂုဏ်ကို မြင့်မားအောင် ပထမဆုရယူနိုင်ခဲ့သည့်အတွက် အားလုံးဂုဏ်ယူဝမ်းမြောက်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်အားကစားမှူး ဦးဝင်းနိုင်က ပြိုင်ပွဲတစ်လျှောက် ယှဉ်ပြိုင်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ အောင်ပွဲရဒိုင်းဆုအား အပ်နှံခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အားကစားသမားတစ်ဦးချင်းထံသို့ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ရာ အားကစားသမားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ကျုံပျော်ခရိုင် ဘောလုံးအသင်းအနေဖြင့် ဗိုလ်လုပွဲတွင် မြောင်းမြခရိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားကာ လေးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ပထမဆုဖလားကို ဆွတ်ခူးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)