ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေစပါးစိုက်ခင်းများ စတင်ရိတ်သိမ်း

ပွင့်ဖြူ ဇူလိုင် ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မဲဇလီရေလွှဲဆည်ရေဖြင့် ဆောလျင်စွာ စိုက်ပျိုးနိုင်ခဲ့သည့် နွေစပါးစိုက်ခင်းများမှာ အသီးများ ရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများက မိုးသီးနှံများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ယခုဇူလိုင်လဆန်းမှစတင်၍ ရိတ်သိမ်းခြွေလှေ့နေကြပြီဖြစ်ကြောင်း သိရကာ စိုက်ပျိုးရေဖူလုံစွာရရှိခဲ့သဖြင့် နွေစပါးစိုက်ခင်းများ အထွက်နှုန်းကောင်းမွန်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

"ပွင့်ဖြူမြို့နယ်မှာ ဒီနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာမှာ နွေစပါး ၃၃၂၃၅ ဧက လျာထားစိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှု ၂၃၆၆၈ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ စိုက်ပျိုးရေလုံလောက်စွာ ရရှိတာကြောင့် နွေစပါးစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှုလဲရှိပါတယ်။ ယခုဆိုရင် ဆောလျင်စွာ စိုက်ပျိုးနိုင်ခဲ့တဲ့ နွေစပါးစိုက်ခင်းတွေဟာ ရိတ်သိမ်းလို့ရနေပြီဖြစ်လို့ တောင်သူတွေက မိုးသီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ဖို့အတွက် စတင်ရိတ်သိမ်းခြွေလှေ့နေကြပါတယ်။ စပါးအထွက်နှုန်းကတော့ ဆာဖိုးသာစပါးမျိုးဆိုရင် တစ်ဧကကို ပျမ်းမျှ တင်းရေ(၁၆၀)အထိ ထွက်ရှိပါတယ်။ ကျန်တဲ့စပါးတွေလဲ တစ်ဧကကို ပျမ်းမျှစပါးတင်းရေ (၁၀၀)အထက် ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒေသခံတောင်သူတွေကိုလဲ သီးနှံအထွက်နှုန်း လျော့နည်းကျဆင်းမှု မဖြစ်စေရေးအတွက် အချိန်မီသီးနှံရိတ်သိမ်းခြွေလှေ့နည်းပညာများကို ကွင်းဆင်းပညာပေးထားပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာတွင် နွေစပါး ၃၃၂၃၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ မြေပြင် စိုက်ပျိုးပြီးစီးမှု၂၃၆၆၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဒေသခံတောင်သူများ အဓိကစိုက်ပျိုးသည့် နွေစပါးမှာ ဆာဖိုးသာ၊ GW-1 ၊ ရတနာတိုး စသည့် စပါးမျိုးများကို စိုက်ပျိုးကြကြောင်း သိရသည်။ ယခုအခါ ဆောလျင်စွာ စိုက်ပျိုးနိုင်ခဲ့သည့် နွေစပါးစိုက်ခင်းများမှာ အသီးများ ရင့်မှည့်လာပြီဖြစ်သဖြင့် ဒေသခံတောင်သူများက မိုးစပါးနှင့် အခြားမိုးသီးနှံပြန်လည်စိုက်ပျိုးနိုင်ရန် ရိတ်သိမ်းခြွေလှေ့နေကြပြီဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး