ရှမ်းရွာသစ် ဇူလိုင် ၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသတွင်းအပူချိန် လျော့ကျလာစေရန်နှင့် သစ်တောသစ်ပင်ပြုန်းတီးမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့က အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းဝန်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသား/သူ စုစုပေါင်းအင်အား(၇၀)ဦးတို့က ကျွန်းပင်(၁၀၀)ပင်၊ မဟော်ဂနီ(၅၀)ပင်နှင့် မန်ဂျန်ရှား(၅၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
သစ်တောဦးစီးဌာနအနေဖြင့် မိုးရာသီကာလတွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် သစ်ပင်များကို ဖြန့်ဝေပေးသွားမည်ဖြစ်ရာ ပြည်သူလူထုအနေဖြင့် သစ်တောသစ်ပင်များကို ချစ်မြတ်နိုးပြီး တန်ဖိုးထားထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ကျွန်းပင်နှင့် မန်ဂျန်ရှားပင်(၁၀၀၀)ပင်ကို ပျိုးထောင်ထားကြောင်း၊ နှစ်စဉ်ဒေသနေ ပြည်သူများအား ဖြန့်ဝေခဲ့သော ပျိုးပင်များလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဇင်လေး(ပြန်/ဆက်)