သရက်ချောင်းမြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး/ထိုးနှံပေး

သရက်ချောင်း ဇူလိုင် ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး/ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်မှစ၍ သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ကလေးသူငယ်များအား ကိုယ်အပူချိန်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ စာရင်းရေးသွင်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များကို ဆိုဆို့ကြက်ညှာချောင်းဆိုး၊ အသည်းရောင်အသားဝါ(ဘီ)၊ ဘီစီဂျီ၊ ပိုလီယို၊ ဦးနှောက်အမြှေးရောင်ရောဂါစသည့် (ငါးမျိုးစပ်ကာကွယ်ဆေး) ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဝက်သက်-ဂျိုက်သိုးစသည့် ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် သတ်မှတ်အကြိမ်တိုင်း ထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေး တိုက်ကျွေးခြင်းနှင့် ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)