မြိတ်မြို့တွင် စားသုံးသူ ပြည်သူများအား ဧည့်မထ(ဇီယာ)ဆန်ကို ဆန်ဆိုင်(၃၂)ဆိုင်မှ သက်သာသောဈေးနှုန်းဖြင့် စတင်ရောင်းချပေး

မြိတ်  ဇူလိုင် ၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ စားသုံးသူရေးရာဦးစီးဌာနနှင့် မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းတို့ ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် ဆန်ဆိုင်(၃၂)ဆိုင်မှ စားသုံးသူပြည်သူများအား ဧည့်မထ(ဇီယာ)ဆန် တစ်ပြည်ကို (၃၄၀၀)ကျပ်နှုန်းဖြင့် ဇူလိုင်လ(၁)ရက် နံနက်ပိုင်းမှ စတင်ရောင်းချပေးလျက်ရှိသည်။

စားသုံးသူ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသည့် ဧည့်မထ(ဇီယာ) ဆန်ကို လက်လီအရောင်းဆိုင်များတွင် ဆန်တစ်ပြည်(၄၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချနေခြင်းဖြစ်ပြီး ပြည်သူများအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်စေရန်အတွက် ဆန်ကုန်သည်များအားစည်းရုံး၍ လက်ကားဆန်အရောင်း ဆိုင်(၃၂)ဆိုင်တွင် တစ်ပတ်လျှင်(၅)ရက်နှုန်းဖြင့် စတင်ရောင်းချပေးခြင်းဖြစ်ပြီး ကျန်ရှိသည့် ဆန်ဆိုင်များတွင်လည်း ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

“နိုင်ငံတော်မှချမှတ်ထားသည့်မူအတိုင်း မြိတ်မြို့ရှိ ဆန်ကုန်သည်များအသင်းမှ ပူးပေါင်းပါဝင်ဆောင်ရွက်သည့်အနေဖြင့် ဒေသတွင်း စားသုံးသူများ ဈေးနှုန်းသက်သာစွာ စားသုံးနိုင်စေရန်၊ စားသုံးသူများအနေဖြင့် ဆန်တစ်ပြည်မှာ(၆၀၀)သက်သာ၍ မီးဖိုချောင်စားသောက် ကုန်တွေဝယ်ယူဖို့ အထောက်အကူဖြစ်စေရန် ဆန်ကုန်သည်များ စည်းရုံးပြီး ရောင်းချပေးတာဖြစ်ပါတယ်” ဟု မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးထွေးဝေက ပြောသည်။

ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဧည့်မထ(ဇီယာ)ဆန်ကို တစ်ပြည်ချင်းအလိုက် ဆန်ဆိုင်များမှရောင်းချပေးနေမှုအား မြိတ်ခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆန်ကုန်သည်များ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြ သည်။ ဆန်ကုန်သည်များအနေဖြင့် ဆန်ဝယ်ယူနေသည့်ဒေသများမှ ဆန်များကို ရည်ညွှန်း ဈေးနှင့်ဝယ်ယူလာနိုင်ပါက မြိတ်မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအား ယခုထက်ပိုမို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)